နမ့်စန်(တ) ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက်၉နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)၏ သရဖီခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးကက အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်တို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော အသင်းသားအသင်းသူများ၏ သား/သမီး ၂ ဦးကို တစ်ဦးလျှင် ပညာသင်ဆု ကျပ်သုံးသောင်းစီ ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်းမှ တာဝန်ရှိသူများက တက်ရောက် လာသော အသင်းသားများကို စုစုပေါင်း ငွေကျပ် သိန်း ၂၀ကျော် တန်ဖိုးရှိ ဗလာမပါ ငွေသား ကံစမ်းမဲများကို မဲဖောက်၍ ပေးအပ်ခဲ့ပြီး အသင်းသား ၅၂၁ဦး ၏ စုဆောင်းငွေပေါ်အမြတ်ငွေ စုစုပေါင်း ၁၀၄၉၀၀၀၀ ကျပ်ကို လည်းစနစ်တကျခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ ဆက်)