မူဆယ် ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့တွင် ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များကို ယမန်နေ့ နေ့လယ်(၃း၀၀)အချိန်က ကျောင်းသား/ သူများအား ပြသဆောင် ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ဦးက ကျောင်းသား/ သူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊လူသားတို့၏ စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးအစ ဆေးလိပ်က ဟူသည်အတိုင်း ဆေးလိပ်ကို မသောက်သုံးမိကြစေရန်၊လူငယ်လူရွယ်များ မူးယစ်ဆေး သုံးစွဲရသည့်အကြောင်းအရင်းများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့ပါသည်။ထိုနောက် အပတ်စဉ်ထုတ် တို့ကျေးရွာဂျာနယ်မှ စာရေးဆရာမ သိင်္ဂီမေရေးသားထားသော “မူးယစ်ကင်းစင်သောဘဝ သာယာလှပအေးချမ်းရ” ဆောင်ပါးလေးအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ သူများကလည်း မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို တစ်ဦးချင်းစီ၏ထင်မြင်သုံးသပ်ချက်များ ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များနှင့် ကျောင်းသား/ သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိနားလည်စေရန် ပြသဆောင်ရွက်ထားလျက်ရှိပြီး ကျောင်းသား/ သူများကလည်း စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ ဆက်)