ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မောင်တော  ဇွန်  ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍  ဆိုးကျိုးများ၊ သုံးစွဲတဲ့ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ၊ ပုဒ်မ၊  ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေးဟောပြောပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ရဲတပ် ဖွဲ့ စိတ် (မောင်တော) မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်းက  လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်း အရင်းများ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မ ပြည့်ဆန်ဆာ လုပ်ခိုင်းစေခြင်းများ၊ အခြားကာ မဆိုင်ရာကိစ္စ တစ်မျိုးမျိုး ပြုလုပ်စေခြင်း၊ ကလေးသူငယ်နှင့် လူငယ်များအားလူ ကုန်ကူးမှု ကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းစသည့် ပြစ်မှု၊ ပြစ်ဒဏ်များ ဆောင်ရန် ၊ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြားနိုင်ရန်အတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ် ဆက်သွယ် ရရှိနိုင်သည့် ဖုန်းနံပါတ်များအား ပြောကြားကာ  လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးစံမင်းနှင့်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်နှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)