ဆီဆိုင် ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ ရေထွက်ပင်ရင်းမှ နွေရာသီရေခန်းခြောက်မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာ နမ့်ပါမူးရေထွက်၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးခွန်လှသိန်းကအဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိတို့က သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများထံ စိုက်ပျိုးမည့် ပျိုးပင်များကိုပေးအပ်ကြသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးခွန်လှသိန်းနှင့်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီတင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းမှဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စာပေယဉ်ကျေးမှု အသင်းမှအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သတ်မှတ်နေရာများတွင် ကျွန်း(၂၀၀)ပင်၊ ခါတော်မှီ(၂၅၀)ပင်၊ မယ်ဇလီ(၂၅၀)ပင်၊ စိန်ပန်းပြာ(၂၀၀)ပင်၊ စိန်ပန်းနီ(၂၀၀)ပင်နှင့် ထင်းရှူး(၁၀၀)ပင် စုစုပေါင်းပျိုးပင်ပေါင်း (၁၂၀၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)