မိုင်းယောင်း ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့ နံနက် ၈ နာရီခွဲက မိုးစပါး SRI စံပြကွက် ကွင်းသရုပ်ပြပွဲကို သွားရောက်ကြည့်ရှုခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါး SRI စံပြကွက်စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကို ဝမ်ဘိုးကျေးရွာအနီးရှိ စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးစံပြကွက်၌ ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံတောင်သူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးစပါးစံပြကွက်စိုက်ပျိုးခြင်းကို ဆောင်ရွက်သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးသည် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ဘိုးကျေးရွာအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနပိုင်မြေတွင် မက္ကဒေးမီးယား စိုက်ပျိုးနိုင်ရန် စိုက်ပျိုးမြေ ပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး စိုက်သည့်အပင်များ ရှင်သန်ရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း (ပြန်/ ဆက်)