မောက်မယ်မြို့နယ်၌ နွေရာသီရှမ်းတိုင်းရင်းသားစာပေသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မောက်မယ်  ဇွန်  ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မိုင်းပုတ်ကျေးရွာအုပ်စု၊ ခိုဆိုင်းကျေးရွာတွင် မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကျေးရွာအတွင်းရှိ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များအား ဧပြီလ ၂၄ ရက်နေ့မှ မေလ ၃၁ရက်နေ့ ညစဉ် ၆နာရီမှ ၉နာရီအထိ သင်ကြားပို့ချခဲ့ပြီး နွေရာသီရှမ်းတိုင်းရင်းသားစာပေ သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့နံနက် ၇ နာရီအချိန်တွင် ခိုဆိုင်းကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းပုတ်ကျေးရွာအုပ်စု ၊ ကုန်းပေါင်းကျောင်းဆရာတော်က အဖွင့်သြဝါဒစကား မြွက်ကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန္တာက နှစ်စဉ်နွေရာသီရှမ်းတိုင်းရင်းသား စာပေသင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်ပြီး သင်တန်းနည်းပြဆရာ စိုင်းထွန်းအေးက သင်ကြားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား စိုင်းဟန်ဆိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ထူးချွန်သည့် ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များအား တာဝန်ရှိသူများက ဆုများနှင့်သင်တန်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များတို့က တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။ ထိုသို့နွေရာသီ သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ အနာဂတ်ကျောင်းသားကျောင်းသူများအနေဖြင့် လိုက်နာရမည့် ပြည်သူ့နီတိများကိုသိရှိကာ ယဉ်ကျေးသည့်သားကောင်းသမီးကောင်းမွန်များ ဖြစ်လာစေရန်နှင့် ရှမ်းတိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများနှင့်ရှမ်းတိုင်းရင်းသား စာပေများမပျောက်ပျက် စေရန်ရည်ရွယ်၍ နှစ်စဉ်သင်တန်းဖွင့်ပေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)