အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

တာမွေ     ဇွန်    

မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ် တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏စီစဉ်မှုဖြင့် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့၊  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် ရှိ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်က မြန်မာနိုင်ငံအနေနဲ့ မူးယစ် ဆေးဝါးဆိုတဲ့ အန္တရာယ်ဆိုးကြီးကို တိုက်ဖျက်ဖို့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လုပ်ဆောင်နေပြီး မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းများရေးဆွဲပြီး အစိုးရနဲ့အတူ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေသလို ပိုမိုထိရောက် အောင်မြင်ဖို့အတွက် တားဆီးနှိမ်နင်းရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အသက်အရွယ်မရွေး လူသားတို့ ဘဝပျက်အောင် ဖျက်ဆီးနေတဲ့ ဆေးလိပ်ကအစ ဘိန်းဘင်းကစော် လှော်စာအရက်မှ တဆင့်တက်ပြီး ဘိန်းဖြူ၊ ဘိန်းမဲ စိတ်ကြွဆေးတွေအပြင် မူးယစ်ဆေးဝါးအမည်သစ်တွေ HAPPY WATER အစရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ပြုပြင်ပြီး ပြောင်းလဲထုတ်လုပ်နေတာဟာ အလွန်ကြောက်စရာကောင်းလှပါ ကြောင်း၊ အထူးသဖြင့် လူငယ်ထုအတွင်း မူးယစ်ဆေးဝါးတွေကို သုံးစွဲနေကြတဲ့အတွက် အနာဂတ်နိုင်ငံတော်ရဲ့ ကြီးလေးတဲ့ တာဝန်တွေကို ပုခုံးပြောင်း တာဝန်ယူဆောင်ရွက်ကြမယ့် လူငယ်တွေ အတွက် အလွန်အန္တရာယ်ကြီးမားလှပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ခုခံအားကျဆင်းမှုရောဂါတွေကို ခံစားရပြီး လူမှုဘဝ ပတ်ဝန်းကျင်မှာ ဝင်ဆံ့နိုင်မှု မရှိဘဲ သေဆုံးနေကြရတာကို တွေ့မြင်ကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်အနေနဲ့သတ်မှတ်ပြီး ရည်မှန်းချက်လုပ်ငန်းတွေ အောင်မြင်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန် သိစေနိုင်ဖို့အတွက် အသိပညာပေး ဟောပြောပွဲတွေကို သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟို မှ ဥက္ကဋ္ဌ ဦးစံရှိန်က ဟောပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက် ၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်၊ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့ (၄၁)မှ ဒုရဲမှူး မင်းမင်းဇော်၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ကျောင်းသား လူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောတို့က မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအမျိုးမျိုး သုံးစွဲခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာ ဆုံးရှုံးရမှုများ၊ ကွမ်းစားခြင်း၊ ဆေးလိပ်/ အရက်သောက်သုံးခြင်းနှင့် ကော်ရှူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ထိခိုက်မှုများ၊ မူးယစ်ရာဇာတို့၏ လူငယ်ထုအတွင်းသို့ နည်းအမျိုးမျိုးဖြင့် မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချနေမှုများ၊ မြန်မာနိုင်ငံတွင် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဖြတ် လူနာများအား ဆေးကုသမှုပေးနေမှုများနှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် ပုံမှန်အတိုင်း ပြန်လည်နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြောင့် ဖြစ်ပေါ်လာသည့် မိသားစုတွင်း ပြဿနာများနှင့် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် HIV/ AIDS ​ရောဂါ အကြောင်း စသည်ဖြင့် အသီးသီးရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် ဟောပြောဆွေးနွေးခဲ့ကြ သူများအား မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ အသီးသီးပြန်လည်ပေးအပ်ခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများကခန်းမအတွင်း ပြသထားသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများအား စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ အသင်းသား/သူများက မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများနှင့်ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)