ပင်လောင်း ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃) ရပ်၊ နည်းနာနိဿယ(၃)ရပ်၊ မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအကြောင်းများ၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းမှ ရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးအန္တရာယ်များနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှုအကြောင်းများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနည်းစနစ်မှူး ဒေါ်ဇင်မာခိုင်က လူငယ်နှင့်အားကစားဆိုင်ရာအကြောင်းများကိုလည်းကောင်း ဟောပြောကြပြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဆလိုင်းမြင့်နိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ခင်းကျင်းပြသသည့် မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်