ပုဗ္ဗသီရိ ဇွန် ၂၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပုဗ္ဗသီရီမြို့နယ် ဥပ္ပါတသန္တိဘုရား၊ တပေါင်းကွင်းအတွင်း မန်ကျည်း ၁၁ ပင်စိုက်ပျိုးခြင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ပျိုးခြံအမှတ်-၂ အတွင်းရှိ ပတ္တာရေကန်အားမွမ်းမံနိုင်ရေး ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဥပ္ပါတသန္တိဘုရားဂေါပက ဦးထွန်းကြည်တို့လိုက်ပါလျက် ဥပ္ပါတသန္တိဘုရား၊ တပေါင်းကွင်းအတွင်းမန်ကျည်းပင် ၁၁ ပင်စိုက်ပျိုးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်အဖွဲ့များက ပန်းဥယျာဥ်နှင့် အားကစားကွင်းများဌာန ပျိုးခြံအမှတ် -၂ အတွင်းရှိ ပတ္တာရေကန်အားမွမ်းမံနိုင်ရေး လာရောက်ကြည့်ရှုခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်မှ ပတ္တာရေကန်အား သဲ၊နုန်းများ ပြန်လည်တူးဖော်ရန်နှင့် ရေပြန်လည် ဖြည့်တင်းနိုင်ရေးပြုပြင်မွမ်းမံရန် လိုအပ်သောလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်မှ ပတ္တာရေကန် ပြုပြင်မွမ်းမံရန်အတွက် ထောက်ပံ့ငွေ ငွေကျပ်သိန်း ၂၀၀ အားပေးအပ်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)