မော်လမြိုင် ဇွန် ၂၅
၂၀၂၃ခုနှစ်မိုးရာသီ မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်ဂေါက်ကလပ်ဂေါက်သီးရိုက်ကွင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ရာမွန်ပြည်နယ် ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါက်သီးရိုက်အား ကစားသမားများ တက်ရောက်ကြသည်။
ရှေးဉီးစွာပြည်နယ်ဝန်ကြီးချုပ်က ယခုကျင်းပသော ပြိုင်ပွဲမှာဆိုရင် ဒေသအသီးသီးမှ Golfer များ ပါဝင်ယှဉ်ပြိုင်ကြသည့်အတွက် ချစ်ကြည်ရင်းနှီးမှုရရှိပြီး မွန်ပြည်နယ်ရဲ့ ဂေါက်သီးရိုက် အားကစားကဏ္ဍတိုးတက်ရေးမှာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဂေါက်သီးအားကစားမှာ ဂုဏ်သိက္ခာရှိစွာကစားခြင်း၊ အားကစားသမား အချင်းချင်းအပေါ် စာနာထောက်ထားမှုရှိခြင်း၊ ကစားနေသည့်ကွင်းအား ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့သည် အလေးထားရမယ့်အချက်များဖြစ်သလို ဘောလုံးကိုကျသည့် အနေအထားအတိုင်း ကစားခြင်း၊ ကွင်းကိုမျက်မြင်အခြေအနေအတိုင်း လက်ခံကစားခြင်းသည်လည်း စည်းမျဉ်းဖြစ်ကြောင်းနှင့် စည်းမျဉ်းများကို သေချာသိရှိနားလည်မှသာလျှင် ပြိုင်ပွဲမှာ မျှော်မှန်းထားသော အောင်မြင်မှုများ ရရှိမှာ ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက Smoke ball ရိုက်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာအသီးသီးမှ စတင်ကာ ယှဉ်ပြိုင် ကစားကြသည်။
အဆိုပါ ၂၀၂၃ခုနှစ် မိုးရာသီမုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကိုဇွန်လ(၂၄)ရက်နေ့မှ သြဂုဏ်လ (၆)ရက်နေ့အထိပြိုင်ပွဲဝင် ဂေါက်သီး ရိုက်ကစားသမား(၈၄)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိ ဓမ္မဗိမာန် တော်ကြီးဝန်းအတွင်းနှင့် မြေနီကုန်းရပ်ကွက် အဝေးပြေယာဥ်ရပ်နားစခန်း အရှေ့၌ ခြုံနွယ်များ၊ မြက်များနှင့်အမှိုက်များအား ဌာနဆိုဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများကပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား မြို့နယ်များအလိုက်သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးတို့ကို မှာကြားကာ လိုအပ်ချက်များကို ဖြည်းဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)