ရသေ့တောင် ဇွန် ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊ နွားတိရိစ္ဆာန်များ သေဆုံးမှုများ ရှိခဲ့ရာ ယခုနှစ်စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်နိုင်ရန် သဘာဝဘေး ပြန်လည်ထူထောင်ရေးအနေဖြင့် ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ရခိုင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသည့် တောင်သူများအား New Holland အမျိုးအစား (မြင်းကောင်ရေ-၅၀ရှိ) ထွန်စက်များဖြင့် ထွန်ယက်ပေးသွားမည်ဖြစ်ရာ ယခုအခါ ရသေ့တောင်မြို့နယ်အတွက် ထွန်စက်အစီး (၂၀) ရောက်ရှိလာပြီ ဖြစ်၍ ကျေးရွာများ အလိုက် ခွဲဝေချထားဆောင်ရွက်ခဲ့သည်။
ရသေ့တောင် မြို့နယ်အတွင်း မယူကမ်း (၁၄) စီး၊ မိုးစဲကျွန်း(၃)စီး၊ မြို့မနယ်မြေ (၃)စီးဖြန့်ဝေ ပေးခဲ့သည်။ ဆက်လက်ပြီး ထွန်စက်များဖြင့် ထွန်ယက်လိုသော တောင်သူများအနေဖြင့် မိမိထွန်ယက်မည့်ဧကအတွက် ကျသင့်မည့်စက်မောင်းဆီကို ကျခံရမည်ဖြစ်ပြီး ဌာနမှ ထွန်စက် မောင်းနှင့် ထွန်စက်ငှားရမ်းခအတွက် နိုင်ငံတော်စရိတ်ဖြင့် အခမဲ့ကျခံပေးသွားမည်ဖြစ်ကြောင်းနှင့် ထွန်စက်များ၏စွမ်းဆောင်ရည်အနေဖြင့် တစ်ရက်လျှင် ၄ ဧက(ထယ်+ထွန်=တစ်စပ်စီ) ခန့် ထွန်ယက်နိုင်ပြီး ဆီစားနှုန်းအနေဖြင့် ၁ ဧက (ထယ်/ထွန်=တစ်စပ်သာ) လျှင် ဒီဇယ် ၂ ဂါလံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ ငှားရမ်းလိုသူ တောင်သူများအနေဖြင့် မိမိနေထိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အမြန်ဆုံးဆက်သွယ်လျှောက်ထားရန် လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှအဖွဲ့ထံမှ သိရသည်။
ရသေ့တောင် (ပြန်/ဆက်)