ရန်ကုန် အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဖော့ကန်ဈေးနှင့် မြို့သစ်ဈေးများသို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အင်းစိန်မြို့နယ်၊အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းလှိုင်၊စည်ပင်သာယာရေးကော်မတီမှ လက်ထောက်အုပ်ချုပ် ရေးမှူး ဦးကျော်သူဟန်၊ရဲတပ်ဖွဲ့မှ ရဲအုပ် မြင့်အောင်၊ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ၊ဈေး တာဝန်ခံ များ၊EO ရုံးဝန်ထမ်းများနှင့်တာဝန်ရှိသူများသည် ဖော့ကန်ဈေးနှင့်မြို့သစ်ဈေးများသို့ သွားရောက်၍ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ ရောင်းချ ဝယ်ယူနေမှု အခြေအနေများ၊ဈေးဝင်ပေါက်၊ ထွက်ပေါက်များတွင် ကိုယ်အပူချိန် တိုင်း စက်များ တပ်ဆင်ထားမှုနှင့် လက်ဆေးဘေစင်များ တပ်ဆင် ထားရှိမှု၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြုံပြု လမ်းညွှန်မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)