တောင်ဥက္ကလာပမြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

တောင်ဥက္ကလာပ  ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက် ဟေမဝန်ဓမ္မာရုံတွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပထမဦးစွာ အမှတ်(၈)တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မင်းထွန်းမင်းလတ်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများအတွင်း ဖောက်ခွဲဖျက်ဆီးမှု ဖြစ်စဉ်များမဖြစ်ပွားစေရေး၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများတွေ့ရှိလျှင် အချိန်မီဖယ်ရှားရှင်းလင်းနိုင်စေရေး၊ အများပြည်သူများ အထိတ်တလန့် မဖြစ်ပွားစေရေးနှင့် ပေါက်ကွဲမှုဖြစ်ပွားပါက မိုင်းစနစ်တကျရှင်းလင်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရေးတို့အတွက်  မိုင်းအသိ၊ မိုင်းသတိရှိစေရေး ပညာပေးကိစ္စရပ်များအား ချပြရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တပ်မ(၂)နည်းဗျူဟာ(၃)မှ ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက  ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း  သွားရောက်ရှင်းလင်းခဲ့သော လက်လုပ်ဗုံး၊ မိုင်းအမျိုးအစားများ၊ မြို့တွင်း၊ မြို့ပြင် မိုင်းရှင်းလင်းရေး၌ တွေ့ကြုံခဲ့သော မိုင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပညာပေး‌ ပြောကြားခြင်း၊ မိုင်းအသိ၊ မိုင်းသတိ ပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက် လာသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာသန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)