လားရှိုး ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရွှေအိမ်မင်းဖလား စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၆)ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်တုရင်ကလပ်တွင် ကျင်းပသည်။ အဆိုပါ ရွှေအိမ်မင်းဖလား စစ်တုရင်ပြိုင်ပွဲကို အသက် ၁၅ နှစ်အောက်နှင့် အလွတ်တန်းပြိုင်ပွဲဟူ၍ နှစ်မျိုးယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ၄ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ စစ်တုရင်ပြိုင်ပွဲကို တခြားမြို့တွေကလည်း လာပြိုင်ကြတယ်။ အမျိုးသားပြိုင်ပွဲဝင်တွေအပြင် အမျိုးသမီးပြိုင်ပွဲဝင်တွေလည်းပါတယ်” ဟု လားရှိုးမြို့ စစ်တုရင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွှေအိမ်မင်းဖလား စစ်တုရင်ပြိုင်ပွဲသို့ လားရှိုးမြို့ရှိ စစ်တုရင်အားကစားသမားများအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များ စစ်တုရင်ဝါသနာရှင်များလည်း လာရောက်ယှဉ်ပြိုင်ကြပြီး ဆုကြေးငွေများအဖြစ် ပထမဆု နှစ်သိန်းငါးသောင်းကျပ်၊ ဒုတိယဆုတစ်သိန်းငါးသောင်းကျပ်၊ တတိယဆု တစ်သိန်းကျပ်အဖြစ် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )