ဇေယျာသီရိ ဇွန် ၂၄
ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်ဖျော်ဖြေရေးနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့ကစီစဉ်သည့် နယ်လှည့်အသိပညာပေးနှင့် ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးမှ လူရွှင်တော် ဒိန်းဒေါင်၊ အကယ်ဒမီအုန်းသီးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝါသနာရှင်များက ခေတ်ပေါ် တီးဝိုင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအား တေးသီချင်းများ ဖျော်ဖြေတင်ဆက်ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာအားပေးကြသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲကို ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ် မင်းသိန်းစိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကိုကိုလေးတို့က မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် သုတ၊ ရသ စာအုပ်စာ စောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)