ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား၂၅၈၄ ကောင်အား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေး

ပုဗ္ဗသီရိ ဇွန် ၂၄

ပုဗ္ဗသီရိမြို့နယ်တွင် ကျွဲ၊ နွားများခွာနာလျှာနာ ရောဂါကင်းရှင်းရေးအတွက် ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများအား ၆လ တစ်ကြိမ် အခမဲ့ထိုးနှံပေးလျက်ရှိရာ ပုဗ္ဗသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ရှိကျေးရွာများသို့ ကျွဲ၊ နွားများအား ကာကွယ်ဆေး သွားရောက်၍ ထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သိန်းနှင့် ဝန်ထမ်းများ က ဇွန်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြို့နယ် အတွင်းရှိ ကျွဲ၊ နွားကောင်ရေ တစ်သောင်းအား ကာကွယ်ဆေးထိုးနှံပေးရန် လျာထား၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ ကျေးရွာ ၁၈ ရွာမှ ကျွဲ၊ နွား ၂၅၈၄ ကောင်အား ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားမွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ် ဆေးများ ထိုးနှံလိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ချိတ်ဆက်ကာ စာရင်းပေးသွင်းထိုးနှံနိုင်ကြောင်း ပုဗ္ဗသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သန္တာလင်း (ပုဗ္ဗသီရိ)