ဥတ္တရသီရိ ဇွန် ၂၄
ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်ဖျော်ဖြေရေးနှင့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့ကစီစဉ်သည့် နယ်လှည့် အသိပညာပေးနှင့် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးမှ လူရွှင်တော် ဒိန်းဒေါင်၊ အကယ်ဒမီအုန်းသီးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝါသနာရှင်များက ခေတ်ပေါ်တီးဝိုင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအား တေးသီချင်းများ ဖျော်ဖြေတင်ဆက်ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ အားပေးကြသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲကိုကျင်းပရာ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးသန်းဇော်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီးစံသူမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဥတ္တရခရိုင် ပညာရေးမှူး ဒေါက်တာမာမာဇင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)