ရပ်စောက် ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀:၃၀)နာရီက ယမ်းတွင်းငကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ‘‘လူငယ်များကို အသက်အန္တရာယ်ဆုံးရှုံးစေသည်အထိ အဓိကခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်မှကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို လူငယ်များပိုမိုသိရှိနားလည်လာစေရန် ယခုလိုအသိပညာပေးဆောင်ရွက်ရခြင်းဖြစ်ပြီး လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ် ပညာဗဟုသုတတွေပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ ကာယဦးစီးမှူးဆရာမ ဒေါ်အမာကြူတို့က ညှိနှိုင်းရေးမှူးများအဖြစ် ဆောင်ရွက်ကြပြီး အ-ထ-က(ပင်ဖြစ်)ကျောင်းမှ မသက်ဖြိုးအေး(Grade-11)က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ မမေသဇင်ထွန်း(Grade-11)က မူးယစ်ဆေးဝါးကလူရဲ့ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေ ပြောင်းလဲစေတတ်ခြင်းအကြောင်း၊ မောင်ဝေယံထွန်း(Grade-10)က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအကြောင်း၊ မောင်ညီညီထွန်း (Grade-10) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိလာနိုင်သည့် ဆိုးကျိုးများအကြောင်း စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ (၂၀၀)ဦးတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဆုမွန်