ကျိုက်ထို ဇွန် ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ပြည်သူဆေးရုံ၌ အရေးပေါ်ဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းနှင့်မွေးဖွားခန်းများပါဝင်သော တိုးချဲ့(၂) ထပ်ဆောင် ပန္နက်တင်အခမ်းအနားကို ဇွန်(၂၄)ရက် နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပန္နက်တင်အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁၃) မွန်ပြည်နယ်မှ ဆောက်လုပ်ရေး တာဝန်ခံအင်ဂျင်နီယာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးနှင့် ဝန်ထမ်းများက တိုးချဲ့(၂)ထပ်ဆောင် ဆောက်လုပ်ရန် ပန္နက်တင်ခြင်း ပြုလုပ်ပြီး အမွေးနံသာရည်များ ပက်ဖျန်းခဲ့ကြသည်။
အဆိုပါ အဆောက်အဦးသည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဌာရေးနှစ်တွင် ဆောက်လုပ်ပေးမည့် အလျား(၁၁၇)ပေ၊ အနံ(၆၈)ပေရှိ အရေးပေါ်ဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းနှင့် မွေးဖွားခန်းများပါဝင်သော သံကူကွန်ကရစ် တိုးချဲ့(၂)ထပ်ဆောင်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)