မော်လမြိုင် ဇွန် ၂၄
၂၀၂၃ ခုနှစ် ပြည်နယ်အဆင့် ဆီးချို၊ သွေးချို ရောဂါအကြောင်း ဆွေးနွေးပွဲ အခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့သည်။
ရှေးဦးက ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် မွန်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆီးချိုနှင့် ဟော်မုန်းရောဂါကု ဆရာဝန်များအသင်း၊ အမျိုးအစား(၁) ဆီးချိုကုသရေး စီမံချက်နှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဆီးချိုရောဂါသည် ကမ္ဘာပေါ်တွင် မကူးစက်နိုင်သော ရောဂါများအနက် သေဆုံးမှုများပြီး နောက်ဆက်တွဲရောဂါ ပြဿနာများ ဖြစ်စေသော နာတာရှည်ရောဂါ ဖြစ်သောကြောင့် အချိန်မီကုသမှု ခံယူနိုင်ဖို့ အရေးကြီးပါကြောင်း၊ ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါခံစားနေရသူများကို ထိရောက်သော ကာကွယ်မှုနှင့် ကုသမှုကို လူတိုင်းတန်းတူ ညီမျှရရှိစေရန် ဆီးချိုရောဂါကို စောစီးစွာသိရှိပြီး အချိန်မီထိရောက်စွာကုသနိုင်ရန် လိုအပ်ပါကြောင်း၊ ဆီးချိုရောဂါနှင့် ပတ်သက်ပြီး ပိုမိုသိရှိစေရန် အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအချက်များကို ရှောင်ကြဉ် နိုင်အောင် မိမိတွင်သာမက မိမိပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုဆရာဝန်ကြီး၊ ပါမောက္ခဒေါက်တာ မိုးဝင့်အောင်မှ ဆီးချို၊ သွေးချိုရောဂါ၏ သတိပြုစရာအချက်များ အကြောင်းအားလည်းကောင်း၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ အထူးကုဆရာဝန်ကြီး၊ တွဲဖက်ပါမောက္ခဒေါက်တာ မောင်မောင်သန့်မှ ဆီးချို၊ သွေးချိုရောဂါအတွက် နေထိုင်စားသောက်မှု လမ်းညွှန်အကြောင်းကို လည်းကောင်း ဆွေးနွေးပြေားကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဆီချိုရောဂါနှင့် သွေးတိုး အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးဝါးအခမဲ့ကုသပေးခြင်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)