မြေပုံ ဇွန် ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက “မိုခါ”မုန်တိုင်းကြောင့် ယိုယွင်းပျက်စီးခဲ့ကြသောဘုန်းတော်ကြီးကျောင်းများအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လှူဒါန်းသော အလှူငွေသိန်း(၁၀၀)ကျပ် လှူဒါန်းခြင်းအခမ်းအနားနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ရွာသစ်ကေရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းတိုက်၌ ပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ မြို့နယ်သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သဘာဝဘေးပြန်လည် ထူထောင်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိ/ရပ်ဖများတက်ရောက်ကြပြီး အခမ်းအနားကို နမောတဿ(၃)ကြိမ် သံပြိုင်ရွက်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်သံဃာ့နာယက ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္ဒဣန္ဒာစာရ အရှင်သူမြတ်ထံမှ လူပရိတ် သတ်တို့ကငါးပါးသီလခံယူဆောက်တည်သည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်တို့က လူပရိတ်သတ်တို့အား မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ချီးမြှင့်တော်မူသည်။
ထို့နောက် “မိုခါ” မုန်တိုင်းအလွန် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လှူဒါန်းသော ဝတ္ထုငွေကျပ်သိန်း(၁၀၀)အား မြို့နယ်သာသနာရေးဦးစီးမှူး ဦးထက်အာကာနိုင်အား ပေးအပ်လှူဒါန်းပြီး ဆရာတော်ကြီးများအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေသည်။
အလှူငွေ ဆက်ကပ်လှူဒါန်းပွဲသို့ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား နေ့လည်စာဖြင့် တည်ခင်းကျွေးမွေးလှူဒါန်းကြောင်း သိရှိရသည်။
တင်ဝင်း