ပေါင် ဇွန် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စပါးသီးနှံ အထွက်နှုန်းမိတ်ဖက်များ တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်က တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးထုတ်လုပ်သုံးစွဲရာတွင် လိုက်နာရမည့် နည်းစနစ်များကို ဂရုစိုက်လေ့လာကြမှ မိမိတို့ လယ်မြေအတွက် စပါးအထွက်နှုန်း ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း အပြောကြားသည်။
ထို့နောက် မြို့နယ် ထွေထွေအုပ်ချုပ်အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ မြို့နယ် ဒုတိယဦးစီးမှူး ဒေါ်ဂျူးမြတ်ချယ်လင်းက စပါးအထွက်နှုန်း တိုးတက်မှ ပေါင်မြို့နယ်အတွင်း ဆန်၊ စပါး ဖူလုံမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ဆက်လက်ပြီး မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်မူမူတန်က မျိုးကောင်းမျိုးသန့်မျိုးစေ့များ ရရှိရေး သီးနှံမျိုးကောင်းများကို ရှာဖွေဖော်ထုတ်ပြီး စနစ်တကျပွား၍ မျိုးသန့်မျိုးစေ့များ ထွက်ရှိလာအောင် ဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း၊ ပြည်နယ် သီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းလွင်တို့က စပါးပင်များတွင် ဖျက်ဆီးစေတတ်သည့် ဖျက်ပိုးများအကြောင်းကို အသေးစိတ် ပညာပေးဆွေးနွေးခဲ့ရာ ဖြူဘကျေးရွာအတွင်းရှိ တောင်သူများက သိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းကြသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၎င်းတို့နှင့် သက်ဆိုင်သည့် လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)