တွံတေး ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနမှ Biometric ကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၀ နာရီက တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က တွံတေးမြို့နယ်အတွင်း Biometric ကောက်ယူမည့် အခြေအနေအား ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းမြင့်ဦးက အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန အနေဖြင့် e-ID စနစ်အကြောင်း၊ e-ID စနစ်၏ အဓိကရည်ရွယ်ချက်၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်(၅)ဆင့်၊ အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုမည့် စက်ပစ္စည်းများ၊ e-ID ၏ အကျိုးကျေးဇူးများအကြောင်း ပြောကြားပြီး တွံတေးမြို့နယ်တွင် ဇွန်လ ၂၆ရက်နေ့မှ စတင်ကာ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများကို ဦးစားပေး ဆောင်ရွက်ပေးမှာဖြစ်သည်။
ဒုတိယအဆင့်တွင် ကျောင်းသားကျောင်းသူများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံဝန်ထမ်းများ၊ ပြည်သူလူထုတို့အား လဝကရုံးတွင် နေ့စဥ်တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက Biometric ကောက်ယူမည့် အစီအစဥ်များအား မေးမြန်းရာ တာဝန်ရှိသူ မြို့နယ်ဦးစီးမှူးဦးဝင်းမြင့်ဦးက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
တွံတေးသား