မော်လမြိုင် ဇွန် ၂၄
မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အစိုးရအနေဖြင့်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အနေဖြင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင်အသစ်များ ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ထိုသို့ လုပ်ငန်းလိုင်စင် ခွင့်ပြုပေးသည့်အတွက် နိုင်ငံတော်အတွက် အခွန်ဝင်ငွေ ရရှိသကဲ့သို့ ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာ ဖြစ်ပါကြောင်း၊ ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း၏ အလားအလာကို လေ့လာကြည့် မည်ဆိုလျှင် ခရီးသွားများသည် လူနေထူထပ်သည့် မြို့ကြီးပြကြီးများကို သွားလာလည်ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း စသည်များကို ရွေးချယ်မှု များပြားခဲ့သော်လည်း ယခုအခါတွင် လူနေ နည်းပါးခြင်း၊ သဘာဝနှင့် နီးစပ်သည့်နေရာများ၊ လေကောင်းလေသန့်ရခြင်း၊ ရှုခင်းကောင်းသည့် ကျေးလက်ဒေသများကို ပိုမိုနှစ်သက်လာကြသည်ကို စစ်တမ်းများအရ သိရှိရပါကြောင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေးစဉ်းစားလာကြသည့်အတွက် မိမိတို့ဒေသသို့ လည်ပတ်မည့် ခရီးသွားဧည့်သည်များ၏ ယုံကြည် စိတ်ချမှုရယူထားနိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် သတ်မှတ်ထားသည့် Health & Safety Protocol များအတိုင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့ ခရီးစဉ်ဒေသများကို မြှင့်တင်ကြော်ငြာဆောင်ရွက်ရာတွင် အထိရောက်ဆုံး Marketing နှင့် Promotion Tools များဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွန်ပြည်နယ် ခရီးသွားလုပ်ငန်းကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးက လိုင်စင်ဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ခရီးသွား လုပ်ငန်း ကော်မတီဝင်များက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် မော်လမြိုင် အချုပ်ထောင်သစ် တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ၊ ပြည်နယ်အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မော်လမြိုင် အချုပ်ထောင်သစ်၊ ဗဟိုကင်း (၃)ထပ် အဆောက်အအုံ၊ အကျဉ်းသား (၂)ထပ်အိပ်ဆောင်၊ ထမင်းစားဆောင်၊ ခြံစည်းရိုးကာရံခြင်း၊ ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ပြီးစီးမှုနှင့် ပင်မအုတ်ရိုး တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံညီစံညွှန်းများနှင့်အညီ သတ်မှတ် ကာလအတွင်း အချိန်မှီပြီးစီးရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် တည်ဆောက်ရေး ကုမ္ပဏီအဖွဲ့များနှင့် တွေ့ဆုံပြီး အခက်အခဲရှိက တင်ပြကြရန်၊ စေတနာထား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ကာ အချုပ်ထောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်