မြောက်ဦးမြို့နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မြောက်ဦးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေး၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးများရာနှုန်းပြည့် ပြန်လည်ရရှိ

မြောက်ဦး ဇွန် ၂၄

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းကြောင့် ပြတ်တောက်သွားခဲ့သော လျှပ်စစ်မီးများကို ဇွန်လ ၂၃ ရက်နေ့အပြီး မြောက်ဦးတစ်မြို့လုံး လျှပ်စစ်မီးများ  ရာနှုန်းပြည့်ပြန်လည်ရရှိနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြောက်ဦးမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေ၊ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင် စသောမြို့များတွင် လျှပ်စစ်ဓာတ်မီးတိုင်များ ပျက်စီး၍ မီးများပြတ်တောက်သွားခဲ့သည်။ထို့သို့ ပြတ်‌တောက်သွားသည့် လျှပ်စစ်မီးများပြန်လည် ရရှိနိုင် ရေးအတွက် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများနှင့် ရခိုင်ပြည်နယ်မှ လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း၍ နေ့ရော၊ ညပါ လျှပ်စစ်ဓါတ်မီးတိုင်များကို ပြုပြင်ဆောင်ရွက် ခဲ့ကြသည်။

ထိုကဲ့သို့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လျှပ်စစ်ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုများ ကြောင့် ယမန်နေ့နေ့လယ်မှစ၍ မြောက်ဦးမြို့နှင့်    ပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်မီးများ ရာနှုန်းပြည့်ရရှိနေပြီး ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများအားလုံးက ဝမ်းမြောက်ပျော်ရွှင် လျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)