မောင်တော ဇွန် ၂၄
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များအား တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးတို့က ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သတ်၍ ဆောင်ရွက်ရာတွင် ရေလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များ၊ နိုင်ငံတော်မှ ပံ့ပို့ပေးရမည့်အခြေအနေများအား တင်ပြဆွေးနွေးကြစေရန်လိုကြောင်းနှင့် ရေငန်ပုဇွန်နှင့် ရေငန်ငါးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ် ဆွေးနွေးကြရန်လိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်းက မိမိတို့ဌာနမှ ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နေမှု အခြေအနေများ၊ ငါး/ပုဇွန် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှုများနှင့် ငါးမဖမ်းစီးရ ရာသီအတွင်း ငါးဖမ်းစီးမှု မရှိစေရေး ဆောင်ရွက်နေမှုများ၊ နောင်လာနောင်သား များ ငါးစားသုံးနိုင်ရေးအတွက် ငါးသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ ကြကြောင်းနှင့် ငါးမျိုးကောင်းမျိုးသန့်မွေးမြူကာ ဖြန့်ဖြူရေးလုပ်ငန်းများ ဆောင်ရွက် နေပါကြောင်း၊ ရေချိုနှင့် ရေငန်ငါးမွေးမြူနိုင်ရေးနှင့်ပတ်သတ်၍ စသည့်တိုကို အသေးစိတ် ဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ငါး/ပုဇွန် မွေးမြူရေးလုပ်ငန်း ရှင်၊ ငါးဖမ်းလုပ်ငန်းရှင်၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် ရေထွက်ပစ္စည်းပြည်ပသို့ တင်ပို့သည့်လုပ်ငန်းရှင်များမှ မိမိတို့၏ကဏ္ဍအလိုက် အခက်အခဲများနှင့် လိုအပ်ချက်များအား အသေးစိတ် ဆွေးနွေးတင်ပြခဲ့ကြရာ လိုအပ်သည်များအား တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ရေလုပ်ငန်းရှင် ၆၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)