တံတားမြို့၌ ကျောင်းသားကျောင်းသူများအား အသိပညာပြန့်ပွားရေးအတွက် နည်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က တံတားမြို့အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ နှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ဆေးဝါးများအားလုံးကို မူးယစ်ဆေးဝါးဟူ၍ သတ်မှတ်ခေါ်ဝေါ်ကြကြောင်း၊ မူးယစ်ဆေးဝါးဟုဆိုရာတွင် ဘိန်းမည်း၊ ဘိန်းဖြူ၊ ကိုကင်း၊ ဆေးခြောက်၊ အရက်များသာမက ဖင်ဆီဒိုင်းဆေးရည်၊ ကွန်မက်သာဇင်းဆေးရည်၊ ဗေလီယံဖိုက်ဆေးပြား အစရှိသော ဆေးဝါးများလည်းပါဝင်ကြောင်း၊ မူးယစ်ဆေးဝါးမှန်သမျှသည် လူသားများအတွက် မည်သည့်ကောင်းကျိုးကိုမျှ မပေးနိုင်ကြောင်း၊ ဆိုးကျိုးများကိုသာဖြစ်ပေါ်စေ၍ လူ့အသက်ဆုံးပါးသည်အထိ အန္တရာယ်ပေးနိုင်ကြောင်း၊ ကမ္ဘာပေါ်တွင် လူသားများအတွက် အန္တရာယ်ဖြစ်စေ၍ ရှောင်ကျဉ်ရမည့် အဓိကအချက်တစ်ခုမှာ မူးယစ်ဆေးဝါးအလွဲသုံးမှု ပင်ဖြစ်ကြောင်း၊ ရောဂါဝေဒနာသက်သာရန် အသုံးပြုရမည့် ဆေးဝါးများသည် လူတို့၏ အလွဲသုံးမှုကြောင့် မူးယစ်ဆေးဝါးအဖြစ်သို့ ပြောင်းလဲကြရကြောင်း ပြောကြားပြီး လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသည် ဆေးလိပ်သောက်ခြင်းမှ အများဆုံး စတင်လာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိနိုင်သောရောဂါများ၊ ထိခိုက်နိုင်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ ကမ္ဘာနှင့်အဝန်း မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ စသည့်အကြောင်းအရာများကို ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)