လားရှိုးတွင် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဆင်းပွဲ အခမ်းအနားပြုလုပ်

လားရှိုး ဇွန် ၂၃ ရက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး)၌ ယနေ့ (၂၃-၆-၂၀၂၃) ရက်၊ သောကြာနေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လားရှိုးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ ယနေ့တစ်ကမ္ဘာလုံး၌ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုစသော မူးယစ်ဆေးဝါးပြဿနာများကြောင့် နိုင်ငံအသီးသီး၌ ပြည်သူတွေရဲ့ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံအတွင်းအကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇော်ထက်အောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတက်ရောက်ခဲ့သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း သားများအတွက် အဝတ်အထည်နှင့်အစားအသောက်များကို ဘိန်းအစားထိုး ဖွံ့ဖြိုးမှုစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ကွမ်းလုံဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်နှင့် ယူနန် ရွှေလီ ရွှေကြယ် ဒရိကုန်သွယ်ရေးအဖွဲ့ ဆေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ ထောက်ပံ့ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ လားရှိုးမြို့နယ်အတွင်းရှိ လူမှုအကျိုးပြုဆောင်ရွက်နေကြသူ သင်တန်းသား ၊သင်တန်းသူ (၂၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၅) ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)