ခိုလမ်မြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ခိုလမ် ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်ကျော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခိုလမ်မြို့၊ ကုတင်(၁၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးလင်းထင်ကျော်က ရှေးဦးသူနာပြု အခြေခံသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးသူနာပြုအခြေခံသင်တန်းကို နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှူး ဦးအယ်လီဇာ၊ မိုးနဲ့မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှုး ဦးနိုင်မင်းထွန်းနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ မြို့နယ်ကော်မတီအသင်းနှင့် အ‌‌ခြေခံပညာကျောင်းကြက်ခြေနီအသင်းခွဲများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ တက်‌‌ရောက်သော သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၀၅)ဦးရှိပြီး သင်တန်းကာလမှာ ဇွန်လ(၂၃)ရက်နေ့မှ ဇွန်လ (၂၈)ရက်နေ့အထိ ပို့ချပေးသွားမည်ကြောင်း သိရသည်။

ထို့နောက် ရှေးဦးသူနာပြုအခြေခံသင်တန်း သင်ကြားပေးမည့် ကြက်ခြေနီ အဖွဲ့သားများနှင့် တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

နေလင်းထွန်း(ပြန်/ဆက်)