တံတားမြို့၌ ကျောင်းကောင်စီကတိသစ္စာခံယူပွဲနှင့် အသင်းအလံပေးအပ်ပွဲအခမ်းအနား ကျင်းပ

တံတား ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ကျောင်းကောင်စီကတိသစ္စာခံယူပွဲနှင့် အသင်းအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က တံတားမြို့အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် တံတားမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကောင်စီဝင်များဖြစ်ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများအား မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားရမည်ဖြစ်ကြောင်း၊ ကျောင်းကောင်စီအသင်းကို ခေါ်ဆိုရာ၌ အဝါအသင်း၊ အစိမ်းသင်း၊ လို့မခေါ်ကြဘဲ အနော်ရထာအသင်း၊ ကျန်စစ်သားအသင်းစသည်ဖြင့် အသင်း၏အမည်ကိုသာ ခေါ်ဆိုရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းမှ အသင်းခေါင်းဆောင် ကျောင်းသားကျောင်းသူများအား ကျောင်းကောင်စီ ကတိသစ္စာခံယူစေပြီး အသင်းကိုယ်စားပြုအလံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)