ဒဂုံဆိပ်ကမ်း ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန် ကနောင်ခန်းမတွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁၄:၀၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် တပ်မ( ၂)မှနည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်နိုင်ဦးက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများအတွင်း ဖောက်ခွဲဖျက်ဆီးမှု ဖြစ်စဉ်များ မဖြစ်ပွားစေရေး၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများတွေ့ရှိလျှင် အချိန်မီ ဖယ်ရှားရှင်းလင်းနိုင်စေရေး၊ အများပြည်သူများ အထိတ်တလန့် မဖြစ်ပွားစေရေးနှင့် ပေါက်ကွဲမှု ဖြစ်ပွားပါက မိုင်းစနစ်တကျ ရှင်းလင်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ မိုင်းအသိ၊ မိုင်းသတိရှိစေရေး အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဗိုလ်ကြီးဖြိုးသူရကျော်က ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ်အထိ ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အထူးမိုင်း ရှင်းလင်းရေးအဖွဲ့အနေဖြင့် သွားရောက်ရှင်းလင်းခဲ့သော လက်လုပ်ဗုံး၊ မိုင်းအမျိုးအစားများ၊ မြို့တွင်း၊ မြို့ပြင်မိုင်းရှင်းလင်းရေး၌ တွေ့ကြုံခဲ့သောဖြစ်စဉ်များနှင့် ပတ်သက်၍ သုံးသပ် တင်ပြခြင်း၊ မိုင်းအသိ၊ မိုင်းသတိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက် လာသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာ သန့်ရှင်းရေးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ စုစုပေါင်း (၆၇) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြိုးစန္ဒာကျော်