ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း  မသန်စွမ်းသူများကို တစ်နိုင်တစ်ပိုင်လှူဒါန်း

ရန်ကုန် အောက်တိုဘာ  ၉

လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြောင့် ရန်ကုန် တိုင်းဒေသကြီး ဒလမြို့နယ်၌  ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်နေစဉ် ကာလ အတွင်း မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ရည်ရွယ်၍ သပြေကုန်း ကျေးရွာအတွင်းရှိ မသန်စွမ်းသူများကို ကြက်ဥ၊ မုန့်နှင့် ငွေကြေးအနည်းငယ်ဖြင့် တစ်နိုင်တစ်ပိုင် လိုက်လံလှူဒါန်းခဲ့ကြောင်းသိရသည်။

 “ မသန်စွမ်း အများစုက အိမ်မှာနေလို့ရှိရင် အပယ်ခံသဘောနဲ့ နေရတာများတယ်၊  အိမ်က စီးပွားရေး ကောင်းတဲ့သူတွေရှိသလို အဆင်မပြေတဲ့သူတွေလည်းရှိတယ်၊ ခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာဆိုရင် သူတို့လေးတွေအတွက် ပိုပြီး အခက်အခဲရှိတာပေါ့၊ အဲ့ဒီရည်ရွယ်ချက်နဲ့ လိုက်လှူဖြစ်တာပါ၊ ကျွန်တော်က မသန်စွမ်းမှာလည်း ၂ နှစ်လောက် လုပ်ခဲ့ဖူးတော့၊ ဒလမြို့နယ်မှာ ရှိတဲ့ မသန်စွမ်းသူများရဲ့ အခြေအနေကို သိပါတယ်၊ ခုချိန်မှာ မိဘတွေကလည်း စီးပွားရေးတွေ ကျပ်တည်းမှုတွေရှိလာတဲ့အခါကျတော့ ကိုယ်က  တတ်နိုင် သလောက် မတည်ပြီးတော့ စေတနာရှင်တွေကို ဆက်သွယ်ပြီး အနည်းငယ်စီ ထောက်ပံ့ လှူဖြစ်ခဲ့တာဖြစ်ပါတယ် ” ဟု The Leprosy Mission Myanmar  တွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုဟိန်းပြည့်စုံ က   ပြောသည်။

ဒလမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ တိုင်းနှင့် ပြည်နယ် အသီးသီးမှ မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မသန်စွမ်းသူဦးရေ(၂)သိန်း အား ထောက်ပံ့ ပေးနိုင်ရန် နိုင်ငံတဝှမ်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မသန်စွမ်း အသင်း အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါ မသန်စွမ်းသူများအတွက် အစိုးရက ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းကို ရရှိသူများရှိသလို၊ မရရှိသေးသူများလည်း ကျန်ရှိကြောင်း သပြေကုန်းကျေးရွာတွင် နေထိုင်သော အမှန်တစ်ကယ် မသန်စွမ်းသူတစ်ဦး၏ မိသားစုဝင်တစ်ဦး ထံက သိရသည်။

ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မသန်စွမ်းသူဦးရေ စုစုပေါင်း ၅၄၀ ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ဖြင့်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများသို့ ထောက်ပံ့ပေးအပ ခဲ့ကြောင်းသိရသည်။

နိုင်လင်းကျော်(ဒလ)