ကွန်ဟိန်းမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကွန်ဟိန်း ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က “လူငယ်နှင့် ဇွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကွန်ဟိန်းမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် အသိပညာဗဟုသုတ မြင့်မားလာရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “လူငယ်နှင့်ဇွဲ” စာအုပ်မှ “ကောင်းသောစကားနှင့် ကောင်းသောစာ” ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသူများဖြစ်သည့် မအိဖြူလှိုင်က “သင်ကစာအုပ်ကို ချစ်လျှင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မငွါးအားမီတားက “ချစ်သောမျက်စိဖြင့်ကြည့်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစုစုလှိုင်က “လူငယ်နှင့် အခွင့်အလမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မတလီက “ပျော်ချင်လျှင် စာဖတ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးကြကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)