တနိုင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

တနိုင်း ဇွန် ၂၃

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ (၂၃) ရက် နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့ သည်။

ရှေးဦးစွာ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဦးက ပြိုင်ပွဲများကျင်းပရသည့် ရည်ရွယ်ချက်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာများကို အသိပညာပေးပြောကြားပြီး ပြိုင်ပွဲများအား ဆက်လက် ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက ပန်းချီပြိုင်ပွဲတွင် (၃၀) ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၂) ဦးတို့က ပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။

အဆိုပါ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများကို ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ထွန်း (တနိုင်း)