မလှိုင်မြို့နယ်၊ ပြန်/ဆက်ရုံး၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲကျင်းပ

မလှိုင် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲမစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးဦးမင်းနိုင် (ဆွေလှိုင်မင်း-မလှိုင်) က စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲနှင့် ပတ်သက်၍ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့ရာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မူးယစ်ဆေးဝါးအန္တရာယ် စုပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ကဗျာရေးစပ်ပြိုင်ပွဲတွင်လည်း အဆိုပါခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပပေး ခဲ့သည်။

ပြိုင်ပွဲအသီးသီးတွင် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲတွင် (၄၀)ဦး၊ ကဗျာရေးစပ် ပြိုင်ပွဲတွင် (၂၄) ဦး ၊ စုစုပေါင်း (၆၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဇွန်လ (၂၆) ရက်နေ့တွင် ဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် ကျောင်းသား/သူလေးများက လူထုအခြေပြု   (Community Centre) ခန်းမ၌ ပြသထားသော မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း  သိရှိရသည်။

အောင်ဌေး