စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

စဉ့်ကူး  ဇွန်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မြင်းခြံကျော်အောင်ရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ မြင်းခြံကျော်အောင် ရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်”စာအုပ်တွင်ပါရှိသော “ဘယ်သူမှ မွေးကတည်းက လူတော်ဖြစ်မလာ” ခေါင်းစဉ်မှ လူတော်တစ်ယောက်ဖြစ်အောင် ကြိုးစားရန် လိုအပ်ကြောင်း၊ လူတော်တစ်ယောက် ဖြစ်လာပါက ကမ္ဘာလောကကြီးသည် ကိုယ်နှင့်ထိုက်တန်သည့် နေရာကိုပေးရန်အသင့်ရှိကြောင်း၊ “ကြီးပွားခြင်း၏အခြေခံ စာဖတ်ရန်” ခေါင်းစဉ်မှ နိုင်ငံနှင့်လူမျိုး ကြီးပွားတိုးတက်စေရန် လူထုတစ်ရပ်လုံး စာဖတ်ကြရန်လိုအပ်ကြောင်း၊ မိဘများ အနေဖြင့်လည်း သားသမီးများကြီးပွားစေရန် စာဖတ်ဝါသနာပါအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့်လည်း မိမိတို့ရည်မှန် းချက်များ အောင်မြင်ကြီးပွားရေးအတွက် စာဖတ်ရန်လိုအပ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားကာ မိမိတို့၏ လူနေမှုဘဝအဆင့်အတန်း မြင့်မားအောင် ကြိုးစားအားထုတ်နိုင်မည်ဖြစ်ကြောင်း စသည့်အချက်များမှ ဗဟုသုတရဖွယ် သိမှတ်ဖွယ်ရာများ၊ မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီး ကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show)များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)