ပန်ဝါမြို့တွင် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ပန်ဝါ ဇွန် ၂၃

ကျောင်းသား လူငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားစေနိုင်ရေးအတွက် ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် ယနေ့နံနက်ပိုင်းက အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များက ကျောင်းကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ပန်ဝါမြို့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကျောင်းပတ်ဝန်း ကျင်နှင့် ကျောင်းအိမ်သာများ၊ ရေကန်များ ကျန်းမာရေးနှင့်အညီသန့်ရှင်းမှု ရှိ/မရှိစစ်ဆေးခြင်း၊ ကျောင်းမုန့်စျေးဆိုင်များတွင် ကျန်းမာရေးနှင့်မညီညွတ်သည့်အစားအစာများ ရောင်းချမှု မရှိစေ​ရန် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင် ဒေါ်ဇယ်နောက "ကျွန်မတို့ အခုလိုအသိပညာပေးလာလုပ်တာက မိုးတွင်းကာလမှာ ကျောင်းသား/သူတွေ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့အနေနဲ့ ဆောင်ရွက်ရတာပါ၊ ကျောင်းမုန့်စျေးတန်းမှာ သန့်ရှင်းသပ်ရပ်စွာရောင်းချဖို့၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာရောင်းချတာမျိုးမရှိအောင် အသိပညာပေးဆောင်ရွက်ရတာဖြစ်ပါတယ်" ဟုပြောသည်။

ပန်ဝါ (ပြန်/ဆက်)