နမ့်ခမ်း ဇွန် ၂၃
၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ တိရစ္ဆာန်များအတွက် အစာပင်ဖြစ်သော နေပီယာမြက်စိုက်ပျိုးခြင်းနှင့် ပျိုးပင်များဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေးရွာအုပ်စု၊ ဟိုဆိုင် ကျေးရွာတွင် ယနေ့နံနက် (၉) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်အစာပင်စိုက်ပျိုးပွဲသို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မွေးမြူသူတောင်သူများ တက်ရောက်ကြပြီး နေပီယာမြက်မျိုးများအား အမှတ်(၂)ရပ်ကွက်၊ ကောင်းကတ်ကျေးရွာနှင့် ပတ်မာဒိန်ဆာကျေးရွာမှ တောင်သူများကို ပေးအပ်ခဲ့ပြီးနောက် အတူတကွ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နှစ်စဉ်သရုပ်ပြစိုက်ပျိုးလျက်ရှိရာ မွန်ဘားဆားမြက် (၂) ဧက၊ နေပီယာမြက် (၆) ဧက စုစုပေါင်း(၈) ဧကခန့်ကို စိုက်ပျိုးနိုင်ခဲ့သဖြင့် တိရစ္ဆာန်များ၏ အစာအတွက် များစွာအထောက်အပံ့ရရှိကြောင်း၊ နေပီယာမြက်မျိုး၏ အဆစ် (၂) ခု ကို စောင်းလျက်မြေကြီးတွင် မြှုပ်အောင်ထားပြီး ကျန်အဆစ်ကို မြေမျက်နှာပြင်နှင့်အညီထား၍ စိုက်ပျိုးရကြောင်း၊ အပင်အတန်းကြား (၈၀) မှ (၁၂၀) စင်တီမီတာ၊ အပင်ကြား (၄၀) မှ (၆၀) စင်တီ မီတာ ခြား၍စိုက်ပျိုးပေးရန်လိုကြောင်း၊ နေပီယာမြက် တစ်ဧကအထွက်နှုန်းမှာ တစ်နှစ်လျှင် အစို (၁၀၀-၁၂၀) တန် ထွက်ရှိပြီး နွားမ (၁၀) ကောင်ကို ကောင်းမွန်စွာ ကျွေးနိုင်ကြောင်း၊ အသားဓာတ် အမြင့်မားဆုံးအချိန်ဖြစ်သော (၄၅)ရက်သားတွင် ခုတ်ယူကျွေးမွေးပါက အကောင်းဆုံးဖြစ်ကြောင်း၊ မြက်ချဉ်ဖတ်ပြုလုပ်၍လည်း ကျွေးမွေးခြင်းဖြင့်လည်း တိရစ္ဆာန်အတွက် အရသာ အာဟာရ ကောင်းမွန်စွာရရှိနိုင်ပါကြောင်းနှင့် ယခုနှစ်တွင် နေပီယာမြက် (၁) ဧကခန့်ကိုသာ စိုက်ပျိုးနိုင်ခဲ့ပါကြောင်းကို ဒေါက်တာ ဇော်မင်းထွန်းထံက သိရှိရသည်။
နမ့်ခမ်း(ပြန်/ဆက်)