နမ္မတူ ဇွန် ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ပထမအပတ် စနေနေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမီတက်မှ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အသင်းသား (မိသားစု)ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က အဆိုပါအသင်းရုံး၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီထွန်းက အမှာစကားပြောကြားပြီး၊ လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌ ဦးသိန်းကြည်ဦးက ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အသင်းသား (မိသားစု)ဝင်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရအောင် သင်ကြားပေးသည့် အသင်းဝင်ဆရာမတစ်ဦးအတွက် ဂုဏ်ပြုဆုငွေကျပ် ၁၀၀၀၀၀ ကျပ်အားလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ၇၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၉ ဦးအတွက် ၆၃၀၀၀၀ ကျပ်အားလည်းကောင်း၊ ဂုဏ်ထူး၁ဘာသာလျှင် ငွေကျပ် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ဂုဏ်ထူး (၃)ဘာသာအတွက် ငွေကျပ် ၉၀၀၀၀ ကျပ်အားလည်းကောင်း စုစုပေါင်းငွေကျပ် ၈၂၀၀၀၀ ကျပ်အား တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အသင်းသား (မိသားစု)ဝင်များ လက်ဝယ်သို့ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အပြင် အမှတ် (၁)၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း၊ စုစုပေါင်း (၃)ကျောင်းအတွက် တစ်ကျောင်းလျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၁၅၀၀၀၀ ကျပ်အားလည်းကောင်း၊ မြို့လယ်ဓမ္မာရုံကြီး ပြုပြင်တည်ဆောက်ရန်အတွက် ငွေကျပ် ၁၀၀၀၀၀ ကျပ်အားလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ လက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌ ဦးသိန်းကြည်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)