လမ်းမတော် အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန် မြှင့်၍ ဆောင်ရွက်လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း အ.ထ.က(၁) Community Based Facility Quarantine Centre တွင် ယမန်နေ့က နှာခေါင်းနှင့်အာခေါင်တို့မှဓာတ်ခွဲနမူနာများရယူခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွား အလာ ကန့်သတ်ထားသော Community Based Facility Quarantine Centre တွင် ကန့်သတ်စောင့်ကြည့်သူ စုစုပေါင်း(၂၉)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာ တို့ပတ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ရယူကာ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် (၈.၁၀.၂၀၂၀)ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၃၄၇)ဦး၊ ရောဂါပိုးကင်းစင်၍ဆေးရုံမှပြန်ဆင်းလာသူ( ၆၀)ဦးနှင့်သေဆုံးသူ(၁၉ )ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)