မိုင်းရှူးမြို့နယ်တွင် မြို့မစျေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

မိုင်းရှူး ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့မစျေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်ရှိ မြို့မစျေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့မစျေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးဝင်းဇော်တို့က အဖွင့်အမှာစကားပြောကြားပြီး အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဝင်းက (၂၀၂၂-၂၀၂၃) ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားခဲ့သည်။

ယင်းနောက် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သား၊ သမီးအား တာဝန်ရှိသူများက ပညာရည်ချွန်ဆုချီးမြှင့်ခဲ့သည်။ ထို့နောက် အသင်းသားများအား တာဝန်ရှိသူများက စုဆောင်းငွေပေါ် အတိုးနှင့် အစုပေါ် အမြတ်ငွေများ ထုတ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသား၊ အသင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)