ရွာငံ အောက်တိုဘာ ၉
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအနေဖြင့် ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြို့ကြီးကျေးရွာအဝင်တွင် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Test Kit များဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Test Kit များဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများကို ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း ဝင်ရောက်သည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အဓိက စမ်းသပ်ရှာဖွေပေးသွားမည်ဖြစ်ရာ တစ်ဦးလျှင်စမ်းသပ်ခ ၂၀၀၀ဝိ/- ကျပ် ကျသင့်မည်ဖြစ်ပြီး စမ်းသပ်စစ်ဆေးခြင်းများကို နေ့စဉ် နံနက် ၈ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ မွန်းလွှဲ ၂ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ် ၊ ည ၇ နာရီမှ ၉ နာရီအထိ တစ်ကြိမ် တစ်ရက်လျှင် ၃ ကြိမ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ Test Kit များဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းအားဖြင့် မိမိတို့ထံ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို အချိန်တိုအတွင်း သိရှိနိုင်မည်ဖြစ်ပြီး ရောဂါပြန့်ပွားမှုနည်းပါးကာ ရောဂါပိုးတွေ့ရှိသူအား အမြန်ဆုံးကုသပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ၌လည်း သက်ဆိုင်ရာဌာနများမှ ခရီးသွားပြည်သူများအား ကိုယ်ပူချိန်တိုင်းပေးခြင်း၊ ခရီးသွား မှတ်တမ်းများရယူခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးအတွက် ပညာပေးဟော ပြောခြင်းများအပြင် ကျန်းများရေးအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးလျက်ရှိကြောင်းလည်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)