မင်းလှမြို့နယ်တွင် KG မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး

အထက်မင်းလှ  ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် KG မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီခွဲက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက် ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့် ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးနေမှုများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ဆရာမများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၆၂)ကျောင်းရှိပြီး ကိုဗစ်-၁၉ အကြိမ် ပြည့်ထိုးနှံပြီး (၆)လပြည့်ပြီးသည့် KG မှ Grade-12 အထိ ကျောင်းသား/ ကျောင်းသူ (၁၄၂၈၁) ဦးရှိရာ  ဇွန်လ(၂၂)ရက်နေ့တွင် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပြီးသူ (၇၇၆)ဦးနှင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ(၇၃)ဦး၊ စုစုပေါင်း (၈၄၉)ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)