ဆိပ်ကြီးခနောင်တို ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတဆင့် အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး ရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ခနောင်တိုအနောက်ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် အခြားဗဟုသုတများ တိုးပွားရရှိစေရေးအတွက် ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူထားရှိရေး၊ စာပေဖတ်ရှုမှတ်သားမှု နည်းစနစ်အကြောင်း၊ စာပေ ဖတ်ရှုမှတ်သားခြင်းဖြင့်ရရှိ လာမည့် အကျိုးကျေးဇူးများအကြောင်း ပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ကျောင်းပိတ်ရက်များတွင် မိမိတို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းသို့ လာရောက်၍ ကလေးကြိုက် ပညာပေး ရုပ်ပြ ကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ် ရွှေသွေး၊ တေဇ အစရှိသည့် စာအုပ်စာစောင်များ ကိုလည်း အခမဲ့ ဖတ်ရှု၍ ရပါကြောင်း အသိပေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စသည့် အသိပညာပေး နံရံကပ် စာစောင်များနှင့် ပညာပေးရုပ်ပြစာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန်/ ဆက်)