ကျောက်မဲမြို့နယ်၊ ဗဟိုဈေးကြီးအတွင်း ကုန်စည်(၁၀)မျိုးနှင့် စပ်လျဥ်း၍ ဘေးအန္တရာယ် ရှိ/မရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ကျောက်မဲ ဇွန် ၂၃

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ဗဟိုဈေးကြီးအတွင်းရှိ  စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့် အရောင်းဆိုင်များအား ကုန်စည်(၁၀)မျိုးနှင့်စပ်လျဥ်း၍ ဘေးအန္တရာယ် ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကျောက်မဲခရိုင်  စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီ နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများသည် ဗဟိုဈေးအတွင်းရှိ အရောင်းဆိုင်များတွင်  အသင့်စား မုန့်အမျိုးမျိုး၊သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ ဆီသွပ် အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ (၁၀ ဂရမ် အထက်/အောက်) ဆပ်ပြာခဲအမျိုးမျိုး၊ သွားတိုက်ဆေး အမျိုးမျိုးအစရှိသည့် ကုန်စည်အမျိုးအစား(၁၀)နှင့်စပ်လျဥ်း၍ ဘေးအန္တရာယ် ရှိ/မရှိ၊ ရောင်းချနေသည့် ကုန်ပစ္စည်းများတွင် သတ်မှတ် ကုန်အညွှန်း အမှတ်အသားများ ပါရှိမှုရှိ/မရှိ အစရှိသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

စားသုံးသူပြည်သူများ အန္တရာယ်ကင်းစွာ ဝယ်ယူစားသောက်နိုင်စေရေးအတွက် ရည်ရွယ်၍ စားသုံးသူရေးရာ ဦးစီးဌာနနှင့်အတူ အခြားဆက်စပ်ဌာနများသည် ကျောက်မဲမြို့နယ်၊ ဗဟိုဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ မုန့်၊ ခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းများ၊  အလှကုန်ပစ္စည်း အရောင်းဆိုင်များကို လစဉ်ပုံမှန် စစ်ဆေးပေးလျက်ရှိကြောင်း ကျန်ရှိသည့် ရပ်ကွက်အတွင်းရှိ စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း ရောင်းချနေသည့် ဈေးဆိုင်များကိုလည်း ဆက်လက်ပြီး ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)