တွံတေးမြို့နယ်၌ အမျိုးသမီးများဘဝဖွံဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ပြုလုပ်

တွံတေး ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော အမျိုးသမီးများ ဘဝဖွံဖြိုးတိုးတက်ရေး အသိပညာပေး Talk Showကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး (Talk Show)များ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူး ဒေါ်သန်းသန်းအေးက အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးရန်၊ အမျိုးသမီးထုတစ်ရပ်လုံး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံတွင်ရှိ လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သည့်အတွက် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအလေးထားဆောင်ရွက်ပေးနေကြောင်း၊ အမျိုးသမီးများ၏ ဘဝဖွံဖြိုးတိုးတက်ရေးနှင့် လုံခြုံမှုရှိစေရေးအတွက် မြို့နယ်အလိုက် အမျိုးသမီးငယ်များအား အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုခု သင်ကြားပို့ချရေး လုပ်ငန်းများဆောင်ရွက်ပေးသင့်ကြောင်း၊ မြန်မာအမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့် တန်းတူညီစွာ လုပ်ငန်းတာဝန်များ စွမ်းဆောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊  ယဥ်ကျေးမှု၊ အကြမ်းဖက်မှုကာကွယ်ရေး၊ ပြန်ကြားဆက်သွယ်ရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးငယ်ရွယ်သူများ၏ ဘဝဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့်ဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေမည့် အသိပညာပေး ဆွေးနွေးပွဲများကို Online မှတစ်ဆင့် အစဥ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဦးမျိုးလှိုင် (ပြန်/ ဆက်)