ကျောက်ဆည် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် တစ်နိုင်တစ်ပိုင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများတတ်မြောက်ပြီး မိသားစုအပိုဝင်ငွေမှ စီးပွားဖြစ် ဝင်ငွေရရှိရေးအတွက် ဇွန် (၂၃) ရက် နံနက် (၁၀) နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က ရက်ကွက်၊ ကျေးရွာပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများ ဖွင့်လှစ်လျက်ရှိရာ သင်တန်းသား သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သင်တန်းတက်ရောက်ပြီးပါက လိုအပ်သည်များ ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သင်ကြားပေးလိုက်သော ပညာရပ်များကို အကျိုးရှိစွာ အသုံးချသွား ကြရန်၊ ကြိုးစားဆောင်ရွက်သွားပါက လုပ်ငန်းရှင်များဖြစ်လာပြီး လက်တွေ့တွင် အကျိုးရှိစွာအသုံးချစေရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဈေးကွက် ဆိုင်ရာနည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြများဖြစ်သည့် ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒုတိယလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဒေါ်အိအိအောင်နှင့် အငယ်တန်းစာရေး ဒေါ်နွယ်နီအောင်တို့က လူသုံးကုန်လုပ်ငန်းသုံး ဓါတုပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားပြီး ဆပ်ပြာအဆီ၊ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာခရင်မ်၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ Herbal အခြေခံခေါင်းလျှော်ရည်၊ ဆပ်ပြာမှုန့် ထုတ်လုပ်နည်းများကို ဇွန်လ (၂၃) ရက်မှဇွန်လ (၂၇) ရက်နေ့အထိ (၅) ရက်ကြာ သင်တန်းသား/သင်တန်းသူ (၂၀) ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်