ဒဂုံ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်း မိုင်းအသိ၊ မိုင်းသတိအသိပညာပေးဆွေးနွေးခြင်းနှင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ ၊ နေ့လယ် ၂နာရီခွဲမှ ၄နာရီခွဲအထိကျင်းပခဲ့သည်။
ရှေးဦးစွာ ဒဂုံမြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် လက်ရှိတွင် ဗုံးများ၊ လက်လုပ်မိုင်းများတိုး တက်ပြောင်းလဲလာပုံအားသိ ရှိထားသင့်ကြောင်း၊ အထူးသတိပြုကြရန် လိုအပ်ကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ထားရန်လည်းလိုကြောင်း၊ ဗုံးများ၊ မိုင်းများ တွေ့ရှိလာပါကလည်း ဘေးအန္တရာယ်မဖြစ်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။ ဆွေးနွေးပွဲသို့ ဒဂုံမြို့နယ်အတွင်းရှိ ဆရာဆရာမများ ဌာနဆိုင်ရာများ (၄၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများကလည်း မိုင်းအသိ၊မိုင်းသတိအနေဖြင့် မိမိတို့ကျောင်းပတ်ဝန်းကျင်တွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်မဖြစ်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော် (ပြန်/ ဆက်)