မောက်မယ်မြို့နယ် Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မောက်မယ် ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဓာတ်ပုံ/ နံရံကပ်စာစောင်ပြပွဲများနှင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉နာရီခွဲက ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှား တတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲလျင်ဖြစ်တတ်သော အန္တရာယ်လက္ခဏာများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲ သူများတွင် တွေ့ရသော အမူအကျင့်၊အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဟောပြောခဲ့ပြီး “ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် ” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို  မောက်မယ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ(၄)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများ(၂၈)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ် ဦးစီးအရာရှိနှင့် ဌာနဆိုင်ရာအကြီးအကဲများတို့က ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ပြီး (Community Centre) ခန်းမတွင်ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ/ လူကုန်ကူးမှု အန္တရာယ်/ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဓါတ်ပုံ၊ နံရံကပ်စာစောင်များကို ကျောင်း သား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ ဆက်လက်ပြီး စာပေဝါသနာရှင်များနှင့် ကျောင်းသူ၊ ကျောင်းသားများက “သစ်ပင်လေးတွေ စိုက်ကြမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း  ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

                                                                                         စိုင်းမျိုးသန့်(မောက်မယ်)