ပုသိမ်ကြီး ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အထက ပုသိမ်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာစောနန်းမြေအောင်က "အသိ" ဟူသည့် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ ဆရာလှမြင့် (မန်းတက္ကသိုလ်) က "လူငယ်နှင့် မူးယစ်ဆေးဝါး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဆရာသိန်းသန်းဝင်း (မလှိုင်) က "ပြစ်မှုနှင့် ပြစ်ဒဏ်" ခေါင်းစဥ်တို့ဖြင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား အသီးသီးဟောပြောခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်များကိုလည်း ခင်းကျင်းပြသခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထက ပုသိမ်ကြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ ဖိတ်ကြားထားသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်